မော်လမြိုင် ဒီဇင်ဘာ ၁၃
၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ် “ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက် ရောဂါတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက ၁၉၉၈ ခုနှစ်ကစတင်ပြီး နှစ်စဉ်ဒီဇင်ဘာလပထမ ရက်သတ္တပတ်အတွင်း ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားများကို ကမ္ဘာတစ်ဝှမ်းလုံးမှာ ကျင်းပလေ့ရှိပြီး ယခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့ဆိုလျှင် (၃၅)ကြိမ်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ပထမဦးဆုံး အိပ်ချ်အိုင်ဗွီပိုးရှိသူကို လွန်ခဲ့တဲ့ ဆယ်စုနှစ်(၃)ခုနီးပါးက စတင်တွေ့ရှိခဲ့ပါတယ်။ ယခုအချိန်မှာ HIV/AIDS ရောဂါဟာ ပြည်သူလူထုတစ်ရပ်လုံးကြားမှာ တစ်ပြေးညီကူးစက်ခံနေရတာမဟုတ်ဘဲ ကူးစက်ရန်အန္တရာယ်များတဲ့ လူအုပ်စုများတွင် အဖြစ်များကြောင်း အိပ်ချ်အိုင်ဗွီ ကူးစက်ဖြစ်ပွားမှု အခြေအနေကို စောင့်ကြပ်ကြည့်ရှုခြင်း စစ်တမ်းများအရတွေ့ရှိရကြောင်း၊ အကျိုးရလာဒ်အနေဖြင့် (၂၀၁၁)ခုနှစ်တွင် အိပ်ချ်အိုင်ဗွီပိုးရှိသူ လူနာ(၄)သောင်းခန့်ကိုသာ ART ဆေးဖြင့် ကုသမှုပေးနိုင်ခဲ့ရာမှ (၂၀၂၃)ခုနှစ်၊ စက်တင်ဘာလကုန်အထိ ရရှိထားသော စာရင်းဇယားများအရ လူနာ(၂)သိန်း(၁)သောင်းကျော်ထိ ကုသမှုပေးနိုင်ခဲ့ပြီး (၂၀၁၁)ခုနှစ်နှင့် နှိုင်းယှဉ်ပါက(၅)ဆအထိ တိုးမြှင့်ကုသပေးနိုင်ခဲ့ပါကြောင်း၊ ယခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်တဲ့ “Let Communities Lead” (အေအိုင်ဒီအက်စ်ကင်းဝေးရေး၊ ပြည်သူလူထုဦးဆောင်ပေး)နှင့်အညီ အိပ်ချ်အိုင်ဗွီကာကွယ်ကုသရေးဝန်ဆောင်မှုများကို လူတိုင်းညီတူညီမျှ လက်လှမ်းမီရရှိရန် အတွက်ဦးတည်အုပ်စုဝင်များ၊ အိပ်ချ်အိုင်ဗွီပိုးရှိသူများအပါအဝင် ပြည်သူလူထုပါဝင်သည့် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ကင်းဝေးသော အနာဂတ်ကိုဖော်ဆောင်ရန်ဦးတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စာနာမှုစေတနာအဖွဲ့မှ တေးသရုပ်ဖော်ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့နှင့်ပတ်သက်သည့် ပညာပေးမေးခွန်းများဖြေဆိုသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသာများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်၍ ခန်းမအတွင်းခင်းကျင်းပြသထားသော ၂၀၂၃ ခုနှစ်၊ ပြည်နယ်အဆင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)