မော်လမြိုင် ဒီဇင်ဘာ ၁၃
“စားသုံးဆီဖူလုံဖို့ နေကြာသီးနှံစိုက်ကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဒေသတွင်း ဆီစားသုံးမှုဖူလုံရေးနှင့် နေကြာစိုက်တောင်သူများအား နေကြာစိုက်ပျိုးရာတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မျိုးစေ့ချကိရိယာကို အသုံးပြု၍ နေကြာစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရိုးဂိုးကျေးရွာ တောင်သူဦးသိန်းဝင်း၏စိုက်ကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေကြာစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မော်လမြိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးက မိုးစပါးသီးနှံရိတ်သိမ်းပြီးစီးမှု၊ ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံနှင့်နေကြာစိုက်ပျိုးမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက ပြည်နယ်အတွင်း မိုးစပါးကို ရာနှုန်းပြည့်ကျော်လွန်စိုက်ပျိုးပြီးဖြစ်၍ နွေစပါးအပါအဝင် နေကြာနှင့် အခြားဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန်နှင့် ဆီထွက်သီးနှံစိုက်ပျိုးမှုကို ယခုနှစ်ထက် နောင်နှစ်များတွင်လည်း ပိုမိုစိုက်ပျိုးသွားရန်လိုကြောင်း၊ ဘက်စုံနည်းပညာသုံး စံပြစိုက်ကွက်များဖော်ဆောင်၍ စိုက်ပျိုးသည့်နည်းစနစ်များ၊ သွင်းအားစုများကိုလည်း အဖက်ဖက်မှ ထောက်ပံ့ဆောင်ရွက်လျက်ရှိပြီး တောင်သူများအတွက် ရေ၊ မြေ၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်နှင့် မြေဩဇာများရရှိရေး၊ သီးနှံအထွက်နှုန်းကောင်းမွန်စေရေးတို့ကိုလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများ နေကြာနှင့် အခြားဆီထွက်သီးနှံများ စိုက်ပျိုးခြင်းအတွက် ဆောင်ရွက်ပေးစေလိုကြောင်း၊တောင်သူများအတွက် စိုက်ပျိုးရေလုံလောက်စွာရရှိရေး အလေးထားဆောင်ရွက်ကြရန်၊ စပါးစိုက်ပျိုးမှုများအပြင် ဆောင်းသီးနှံနေကြာနှင့် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ မြေဩဇာနှင့်မျိုးကောင်းမျိုးသန့်များရရှိရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်ဆိုသည့်အတိုင်း ရေမြေဒေသနှင့် ကိုက်ညီပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ လယ်ယာမြေအဆင့်မြှင့်တင်ရေးအတွက် စက်ယန္တယားလိုအပ်ချက်၊ စက်သုံးဆီလိုအပ်ချက်များကိုလည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒေသခံနေကြာစိုက် တောင်သူများမှ စိုက်ပျိုးရေအား နည်းလမ်းပေါင်းစုံမှ ရရှိနိုင်ရေး ဆောင်ရွက်ပေးစေလိုမှု၊ လယ်ယာသုံးစက်ကိရိယာများကို အရစ်ကျပေးချေစနစ်ဖြင့် ဝယ်ယူရရှိလိုမှုနှင့် သက်သာသည့် နှုန်းထားများဖြင့် ငှားရမ်းအသုံးပြုလိုမှု၊ နေကြာအပါအဝင် ဆီထွက်သီးနှံများ စိုက်ပျိုးခြင်းအတွက် လိုအပ်သည့်သွင်းအားစုများ ထောက်ပံ့ပေးလိုမှု အခြေအနေများအား တင်ပြတောင်းခံခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မျိုးစေ့ချကိရိယာကိုအသုံးပြု၍ နေကြာသီးနှံစိုက်ပျိုးခြင်းကွင်းသရုပ်ပြနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)