ရှမ်းပြည်နယ် (အရှေ့ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်

ကျိုင်းတုံ ဒီဇင်ဘာ ၁၃

ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျိုင်းတုံတက္ကသိုလ်တွင် ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းနှင့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်တို့က အဖွင့်အမှာစကားပြောကြားပြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက် ပညာရေးလုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး (၂) ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ပညာ) ဒေါက်တာဝင်းဖေက ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းမှ မြို့နယ် (၄) ခုတွင် ဆောင်ရွက်မည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအတွက် နည်းပြသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၂၆၉ ဦးတက်ရောက်ပြီး  ဒီဇင်ဘာ လ ၁၃ ရက်မှ ၁၅ ရက်အထိ  ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)