ဇလွန် ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အ.မ.က ကျီးတောရိုးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် အ.မ.က ကျီးတောရိုး ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်သန်းနုက သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဒီလွင်က လူငယ်နှင့်ခေါင်းဆောင်မှုအကြောင်း သိကောင်းစရာများနှင့် ကျောင်းသား၊ ကျောင်းသူများ အားကစားကို စိတ်ပါဝင်စားလာစေရန် အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးသန့်ဗိုလ်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသန့်ဇင်ဦးက စားသုံးရန် မသင့်သည့် အစားအစာများကို စားသုံးရန်မသင့်သည့် အကြောင်းအရာများကို အသီးသီး အသိပညာပေး ဟောပြောခဲ့ကြပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အ.မ.က ကျီးတောရိုးကျောင်းသို့ ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇလွန်မြို့နယ်ရုံးမှ ပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ဝေယံ - ဇလွန် (ပြန်/ဆက်)