ဖြူးမြို့နယ်၌ ကျေးရွာနေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု​စေမည့် ဆပ်ပြာချက်သင်တန်း ဖွင့်လှစ်ပေး

ဖြူး ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ မင်းဂံရိုးကျေးရွာအုပ်စု၊ ဒိုင်းတရာကျေးရွာတွင် ကျေးရွာနေ ပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုစေမည့် ဆပ်ပြာချက်နည်း သင်တန်းဖွင့်လှစ်​ပေးခဲ့ရာ သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ​ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် အသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခုဖြစ်သောကြောင့် မိမိတို့ကျေးရွာမှာပင် မိမိတို့အိမ်မှာ အဆောက်အဦမလိုဘဲ ရင်းနှီးမှုအနည်းငယ်ဖြင့်သာ လုပ်ကိုင်ရောင်းချခြင်းဖြင့် ဝင်ငွေရနိုင်သည့်အတွက်ကြောင့် အကျိုးရှိပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်က ဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနိုင်သည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ပြီး သင်တန်းသူများ၏ ဆပ်ပြာပြုလုပ်ထားမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါသင်တန်းတွင် မင်းဂံရိုးကျေးရွာအုပ်စုအတွင်းရှိ မင်းဂံရိုးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သင်တန်းသူ (၂၁)ဦးအား ဒီဇင်ဘာလ(၈)ရက်နေ့မှ ဒီဇင်ဘာလ(၁၃)ရက်နေ့ထိ သင်တန်းကာလ (၆)ရက်အတွင်း ပန်းကန်ဆေးဆပ်ပြာဆီ၊ အဝတ်လျှော်ဆပ်ပြာရည်၊ ကိုယ်တိုက်ဆပ်ပြာရည်နှင့် ကိုယ်တိုက်ဆပ်ပြာခဲများကို အရောင်အနံ့မျိုးစုံ၊ စျေးကွက်အလိုက် ရောင်းချနိုင်မည့် ပုံစံအမျိုးမျိုး ပြုလုပ်နည်းများကို သင်တန်းနည်းပြများက သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)