မြင်းမူ ဒီဇင်ဘာ ၁၃
မြင်းမူမြို့နယ်အတွင်း ဒေသခံတောင်သူများစိုက်ပျိုးထားရှိသည့် မုံလာဥပင်များ တူးဖော်ရောင်းချချိန် ဖြစ်သည့်အတွက် တောင်သူများ ဝင်ငွေရရှိလျက်ကြောင်း သိရှိရသည်။
တော်သီလင်းနှင့်သီတင်းကျွတ်လများတွင် စိုက်ပျိုးလျက် ယခုချိန်နတ်တော်လအချိန်တွင် စတင် တူးဖော်ကြကြောင်း စိုက်ပျိုးချိန်တွင် ကျဲပက်သည့်စနစ်ဖြင့် စိုက်ပျိုးပြီး ရှင်သန်မှုကြီးသည့် အပင်ကို ပင်တန်း/တန်းကြား (၆)လက်မ (၄)လက်မ ပြန်လည်ထားရှိ စိုက်ပျိုးရကြောင်း၊ အပင်များကျပ်နေလျင် ဥသေးငယ်ကြောင်းနှင့် ဥများကြီးထွားစေရန်အတွက် မြေပွကာ အနည်းငယ်နက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးပြီးချိန်မှစ၍ စိုက်ခင်းကို အမြဲစိုစွတ်နေရန် လိုကြောင်း မြေခြေက်နေပါက ဥမာကြောကာ အခွံထူသည့်အတွက် ရောင်းတန်းမဝင်ကြောင်း၊ မုံလာဥခင်း (၁)ဧကလျင် အပင် (၇၀၀၀)ကျော် စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီး (၃)လအကြာတွင် တူးဖော်နှုတ်ယူရောင်းနိုင်ကြောင်း ကုန်ကျစရိတ်အနေဖြင့် ငွေကျပ် (၈၀၀၀၀)ခန့်သာ ကုန်ကျကြောင်း၊ ယခုလက်ရှိရောင်းချရသည့် ဈေးအနေဖြင့် တစ်ဥလျင်ငွေကျပ် (၂၀၀) ရရှိကြောင်း၊ မြို့မဈေးအပြင် မန္တလေးမြို့အထိ တင်ပို့နေပြီဖြစ်ကြောင်း မြင်းမူမြို့နယ် နဘဲကြူးကျေးရွာအနီး မုံလာစိုက်တောင်သူ ဦးခင်မောင်အေးထံမှ သိရှိရသည်။
စိုက်ခင်းအားလုံး မုံလာဥရောင်းချရပြီးချိန်တွင် မိသားစုအတွက် ငွေကျပ် (၂)သိန်းကျော်ရရှိပြီး အခြား ရာသီပေါ်သီးနှံများကို ပျိုးထောင်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)