စလင်းမြို့နယ် ရေကြည်ကျေးရွာအုပ်စု၊ ရှားတောကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့်ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

စလင်း  ဒီဇင်ဘာ  ၁၃

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ရေကြည်ကျေးရွာအုပ်စု၊ ရှားတောကျေးရွာ အခြေခံပညာမူလတန်း၊ ကျောင်းဆောင်သစ် ပျဥ်ကာ/ပျဥ်ခင်း ခြေတံရှည်(၁)ထပ် ကျောင်းဖွင့်ပွဲနှင့်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဒီဇင်ဘာ(၁၂)ရက်နေ့ ယမန်နေ့နံနက် (၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရေကြည်ကျေးရွာအုပ်စု၊ ရှားတောကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်ပညာရေးမှူးကိုယ်စား လက်ထောက်ပညာရေးမှူး ဦးစန်းလွင်နှင့်တာဝန်ရှိသူများ ကျောင်းအကျိုးတော်ဆောင်များ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုခိုင်နှင့်ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ငြိမ်းနှင့် ကျောင်းသားမိဘများ စုံညီစွာတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ရေကြည်ကျေးရွာအုပ်စု၊ ရှားတောကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား ကျင်းပရန် သတ်မှတ်နေရာ ကျောင်းရှေ့တွင်နေရာယူ၍ မင်္ဂလာအချိန်ကျရောက်သည့် နံနက်(၁၁)နာရီအချိန်တွင် ဦးစန်းလွင်နှင့် တာဝန်ရှိသူများက နေရာယူ၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကာ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးကိုယ်စား လက်ထောက်ပညာရေးမှူး ဦးစန်းလွင်က အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ ရှားတောကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူကလေးများက မြန်မာ့ကျောင်းတေးသီချင်းဖြင့် အခမ်းအနားအား တက်ရောက်လာကြသည့် တာဝန်ရှိသူများအား ဂုဏ်ပြုသီဆိုခဲ့သည်။ ရှားတောကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရန် ပညာရေးဝန်ကြီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၉၄.၃၇၀၀)ဖြင့် အကုန်အကျခံကာ မင်းရွှေတောင်ကုမ္ပဏီမှ တင်ဒါအောင်မြင်၍ တာဝန်ယူဆောက်လုပ်ပြီးစီးခဲ့ကာ မင်းရွှေတောင်ကုမ္ပဏီမှ ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို လက်ထောက်ပညာရေးမှူး ဦးမောင်မောင်သန်းထံသို့ လွှဲပြောင်းပေးအပ်အလံများကို ပေးအပ်ခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုခိုင်မှ ကျောင်းဆောင်သစ်ကြီး ဆောက်လုပ်ပြီးစီးခဲ့ပြီး  မိမိတို့ကျေးရွာ ဆရာ၊ ဆရာမများ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကျောင်းသား၊ ကျောင်းသူများ ကျောင်းသားမိဘများနှင့်ရပ်ရွာမှ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြမှသာလျှင် ကျောင်းဆောင်သစ်ကြီး ရေရှည်တည်တံ့ခိုင်မြဲကာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ငြိမ်းက ကျောင်းဆောင်သစ်ကြီး ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီကြသည့် ဆရာ၊ဆရာမများနှင့်ပညာရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူများကို အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ တာဝန်ရှိဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များ ကျောင်းသားမိဘများ စုစုပေါင်းအင်အား (၃၀၀)ခန့် တက်ရောက်ကြကြောင်း သိရှိရသည်။

(မောင်လွင်)စလင်း