ပေါင်းတည်မြို့၌ နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်ပေးခြင်း၊ နံရံကပ်စာစောင်ဟောပြောပွဲနှင့် စားသုံးသူရေးရာ အသိပညာပေးခြင်း ဆောင်ရွက်

ပေါင်းတည် ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးဦးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် အသိပညာ​ပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ရွှေတည်(၁) အ.မ. က တွင် ဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက ပခုက္ကူဦးအုံးဖေအကြောင်းနှင့် စာပေကျေးဇူးအကြောင်းကို အကျယ်တဝင့်ဟောပြောခဲ့သည်။

ယင်းနောက် စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံအရာရှိ ဦးနိုင်ဝင်းသိန်းက စားသုံးရန်မသင့်သော အစားအစာများနှင့် ကုန်အမှတ်အသားများအကြောင်းကို အသိပညာပေးဟောပြောသည်။

ဆက်လက်၍ စာကြည့်တိုက်မှူး ဒုတိယဦးစီးမှူး ဒေါ်ဝင်းမြသန်းက ရုပ်ပုံပါစာအုပ်ဖြင့် ပုံပြင်များပြောခြင်းနှင့် ကလေးစာပေများကို ဝေငှဖတ်ရှုစေခြင်းတို့ကို ဆောင်ရွက်ကြရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ဝင်တစား ဖတ်ရှုလေ့လာကြသည်။

ယင်းနောက် လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ခင်းကျင်းပြသပြီး မြို့နယ်ဦးစီးမှူးက ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။

ထိုနောက် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း၌ မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူ ၁၀၂ ဦးအား အသိပညာပေး ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)