အထက်မင်းလှ ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာများ၊ အမျိုးသမီးများ၏ဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေဝင်းမောင်က အမျိုးသမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများဖြစ်သည့် သက်ငယ်မုဒိမ်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျော့နည်းပပျောက်ရေးနှင့်ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ငယ်မုဒိမ်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကိစ္စရပ်များတွင် ဆောင်ရွက်ပေးနေမှုများ အားဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် အမျိုးသမီးကော်မတီအဖွဲ့ဝင်များက အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုပပျောက်ရေး၊ သက်ငယ်မုဒိမ်း ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ကြရာ မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)