မုဒုံ ဒီဇင်ဘာ ၁၃
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ငွေနှင်းမှိုကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး ယခု ဆောင်းရာသီအချိန်တွင် အချိန်တိုအတွင်း မိသားစုဝင်ငွေပိုမိုရရှိလာကာ ကျေးရွာများတွင် မှိုစိုက်ပျိုးရောင်းချသူ များပြားလာသည်။
ငွေနှင်းမှိုကို အသင့်စိုက်ပျိုးထုပ်များဖြင့် တစ်ထုပ်လျှင် ၇၅၀ ကျပ်ခန့် ဝယ်ယူစိုက်ပျိုးကြပြီး မှိုထုပ်များကို လေဝင်လေထွက် အသင့်အတင့်ရှိကာ နေရောင်ခြည်တိုက်ရိုက်မကျနိုင်သော အရိပ်အေးသည့် နေရာတွင် စိုက်ပျိုးရကြောင်း၊ စိုထိုင်းဆရရှိရန် မှိုထုပ်များကို အပေါ်ဘက်မှ တစ်နေ့လျှင် နှစ်ကြိမ် (သို့မဟုတ်) သုံးကြိမ် ရေလောင်းပေးရကြောင်း၊ ရေလောင်းပေးရာတွင်လည်း မှိုအထုပ်အတွင်းသို့ ရေမဝပ်နိုင်စေရန် သတိပြုကာ ညင်သာစွာ ရေလောင်းပေးရန် လိုအပ်ကြောင်း၊ သစ်သားစင်၊ ဝါးစင်များ ပြုလုပ်၍ လှဲလျက်ဖြစ်စေ ဒေါင်လိုက်ဖြစ်စေ တစ်စင်နှင့် တစ်စင် တစ်ပေခွဲခန့်ခွာ၍ သုံးထပ်ထားရှိ၍ စိုက်ပျိုးနိုင်ကြောင်း၊ မှိုများထွက်ရှိလာပြီး ခူးပါက လက်ဖြင့်ညင်သာစွာ မှိုပွင့်၏အောက်ခြေမှ အမြစ်များပါအောင် ခူးပေးရကြောင်း၊ မှိုအထွက်နှုန်း ကောင်းမွန်စေရန်အတွက် မှိုပွင့်များခူးပြီးအချိန်တိုင်း မျက်နှာပြင်သို့ သန့်ရှင်းသော ဓားဖြင့် တစ်လက်မခန့် (၃)ရက်ကြာ လှီးဖြတ်ရကြောင်း ကော့လှကျေးရွာနေ မှိုစိုက်ပျိုးသူ တစ်ဦးထံမှ သိရသည်။
မုဒုံမြို့နယ်တွင် မှိုအမျိုးမျိုးရှိသည့်အနက် ငွေနှင်းမှို၊ ကောက်ရိုးမှိုနှင့် ကြွက်နားရွက်မှိုများကို အများဆုံးစိုက်ပျိုးကြပြီး ငွေနှင်းမှို တစ်ပိဿာလျှင် ဒေသပေါက်စျေး (၆၀၀၀)ကျပ်မှ (၇၀၀၀)ကျပ်အထိ မြို့နယ်အတွင်းရှိ စျေးများတွင် လွယ်ကူစွာ ရောင်းချရကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)