ကျောင်းသားကျောင်းသူ လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

မင်းဘူး ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားကျောင်းသူလူငယ်မောင်မယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မင်းဘူး (စကု) မြို့နယ် မောင်းမကန်ကျေးရွာနှင့် ရေတွင်းကုန်းကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ လူငယ်စကားဝိုင်းအား မင်းဘူး (စကု) မြို့နယ် မောင်းမကန်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲ၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးစိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ မောင်းမကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသားကျောင်းသူ (၅) ဦးက "လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူး၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့် ယဉ်ကျေးမှုတန်ဖိုး ၊ လူငယ်နှင့် ကျန်းမာရေး" စသည့် ခေါင်းစဉ်များဖြင့် အသီးသီး ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။ စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် မင်းဘူး (စကု) မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းနှင်းနှင့် ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးစေရန် အားကစားလေ့ကျင့်ခြင်း၏ အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားပြီး ဖျော်ဖြေရေးအစီအစဉ်အဖြစ် Myanmar Fitness Dance အကလေ့ကျင့်မှုများဖြင့် ကပြဖျော်ဖြေပေးကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဆိုင်ရာသိကောင်းစရာများနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာအချက်များ ပါဝင်သော နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ တက်ရောက်လာကြသူများနှင့် ကျောင်းသားကျောင်းသူများက စိတ်ဝင်တစ်စား ကြည့်ရှုလေ့လာခဲ့ကြသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းအား မွန်းလွဲ ၁ နာရီတွင် မင်းဘူး (စကု) မြို့နယ် ရေတွင်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးဇင်မင်းထက်က ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ပေးမှုအပေါ် ဝမ်းသာပီတိစကားပြောကြားပြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရာ ရေတွင်းကုန်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲမှ ကျောင်းသားကျောင်းသူ (၅) ဦးက "လူငယ်နှင့်ပညာရေး၊ လူငယ်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး၊ လူငယ်နှင့်ကျန်းမာရေး" စသည့်ခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများ၏ မေးမြန်းချက်များကို ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူ လူငယ်မောင်မယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ လူငယ်စကားဝိုင်းဆွေးနွေးပွဲများ၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောငငှားရမ်းပြသခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအစရှိသည့် အသိပညာပေးနံရံကပ်စာစောင်များ ပြုလုပ် ပြသခြင်းအစီအစဉ်များကို ပညာရေးဌာနအပါအဝင် သက်ဆိုင်ရာဌာနများ ၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့တို့နှင့်ပူးပေါင်းပြီး စဉ်ဆက်မပြတ် စီစဉ်ကျင်းပပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)