ကျိုက်ထိုမြို့နယ်တွင် လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုအသိပညာပေးသင်တန်းဖွင့်လှစ်

ကျိုက်ထို ဒီဇင်ဘာ   ၁၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးရာဖြစ်ရပ်မှန် စီမံခန့်ခွဲမှုအသိပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဖွင့်လှစ်ခဲ့သည်။ သင်တန်းဖွင့်ပွဲတွင် မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန်းသန်းစိုးမှအမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သီတာလွင်က သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် သင်တန်းကိုပို့ချရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သီတာလွင်က လူမှုရေးရာစီမံခန့်ခွဲမှုစနစ် စတင်ဖြစ်ပေါ်လာပုံနှင့်လုပ်ငန်းလမ်းညွှန်(SOP)အားလည်းကောင်း၊ ဒုတိယဦးစီးမှူးဒေါ်ဇင်မာမိုးက နောက်ဆက်တွဲလေ့လာခြင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့် ဖြစ်ရပ်ပိတ်သိမ်းခြင်းဘာသာရပ်အားလည်းကောင်း၊ လူမှုဝန်ထမ်း(၃)ဒေါ်ငုရတနာသိန်းက လက်ခံစာရင်းသွင်းခြင်း၊ ဆန်းစစ်ခြင်း၊ ဖြစ်ရပ်အစီအစဉ် ရေးဆွဲခြင်းတို့အား သင်ကြားပို့ချသွားမည် ဖြစ်သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၃၀)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ဒီဇင်ဘာ(၁၃)ရက်နေ့မှ (၁၅)ရက်နေ့ထိ နံနက်(၉)နာရီမှ ညနေ(၃)နာရီထိကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)