ပွင့်ဖြူ ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ ပြည်လုံးချမ်းသာမြို့ဦး ဘုရားဝန်းအတွင်း၌ တည်ထားကိုးကွယ်တော်မူသည့် အဘယလာဘဓမ္မစကြာမုနိ ဗုဒ္ဓရုပ်ပွားတော် အနန္တဇိနလျောင်းတော်မူဘုရားကြီးအား ဘုရားအနေကဇာ တင်လှူပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဒီဇင်ဘာ ၂၇ ရက်၊ နံနက်ပိုင်းတွင် အဆိုပါ ပြည်လုံးချမ်းသာ ဘုရားကြီးဝန်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြည်လုံးချမ်းသာမြို့ဦးဘုရားဝန်းအတွင်း၌ တည်ထားကိုးကွယ်တော်မူသည့် အဘယလာဘဓမ္မစကြာမုနိ ဗုဒ္ဓရုပ်ပွားတော် အနန္တဇိနလျောင်းတော်မူ ဘုရားကြီးအား ဘုရားအနေကဇာတင်လှူပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ပြည်သူများ တရားဘာဝနာ ပွားများနိုင်ရန်အတွက် ရည်ရွယ်၍ ဂေါပကအဖွဲ့မှ ကြီးမှူး၍ ဒီဇင်ဘာ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၅) ရက်တိုင်တိုင် အကြိုဓမ္မသဘင်ပွဲ ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပြီး အကြိုဓမ္မသဘင်ပွဲတွင် ဆရာတော် ဦးရေဝတ၊ ဆရာတော် အရှင်ကာရုည ကေတုမတီ၊ ဆရာတော် အရှင်သာသန၊ ဆရာတော် အရှင်ဣဿရိယ၊ ဆရာတော် အရှင်ပညာနန္ဒ (သီတဂူကြယ်တပွင့်) ဆရာတော်ကြီး (၅) ပါးမှ ညစဉ် ၅ နာရီအချိန်တွင် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ချီးမြှင့်ဟောကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၇ ရက်၊ (နတ်တော်လပြည့်နေ့) နံနက်ပိုင်းတွင် ပြည်လုံးချမ်းသာမြို့ဦး ဘုရားကြီးဂေါပကအဖွဲ့မှ ဦးဆောင်၍ ဘုရားကြီးဝန်း၌ တည်ထားကိုးကွယ်တော်မူသည့် အဘယလာဘဓမ္မစကြာမုနိ ဗုဒ္ဓရုပ်ပွားတော် အနန္တဇိန လျောင်းတော်မူဘုရားကြီးအား မြို့ပေါ်ရပ်ကွက်နှင့် အနီးဝန်းကျင်ကျေးရွာများမှ သံဃာတော်အရှင်သူမြတ်များကို ပင့်ဖိတ်ကာ ဘုရားအနေကဇာ တင်လှူပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပသွားမည်ဖြစ်ရာ ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ စေတနာရှင် ပြည်သူများအနေဖြင့် ကုသိုလ်ပါဝင် လောင်းလှူပူဇော်နိုင်ကြောင်း အဆိုပါ ပွင့်ဖြူမြို့၊ ပြည်လုံးချမ်းသာမြို့ဦး ဘုရားကြီးဂေါပကဥက္ကဋ္ဌ ဦးဌေးမြင့်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )