ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မြေအောက်ရေဖြင့် စိုက်ပျိုးသည့် ဆောင်းကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ပွင့်ဖြူ ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက မိသားစုစားဝတ်နေရေးအတွက် သီးနှံအပိုဝင်ငွေရရှိစေရန် မြေအောက်ရေဖြင့် ဆောင်းကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြရာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။

ကျွန်တော်တို့မြို့နယ်က ဒေသခံတောင်သူတွေဟာ မြေအောက်ရေနဲ့ မုန်းချောင်းရေကို အမှီပြုပြီးတော့ နှစ်စဉ်ဆောင်းသီးနှံစိုက်ပျိုးရာသီချိန်မှာ ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ယခုနှစ်ဆောင်းသီးနှံရာသီမှာဆိုရင် ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို နိုဝင်ဘာလဆန်းလောက်ကစပြီး စတင်စိုက်ပျိုးခဲ့ပါတယ်။ ခုဆိုရင် ဒေသခံတောင်သူတွေ အားထားစိုက်ပျိုးတဲ့ ဆောင်းကြက်သွန်နီစိုက်ခင်းတွေက စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် အောင်မြင်ဖြစ်ထွန်းလျက်ရှိပါတယ်ဗျ။ ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းက စိုက်ပျိုးစရိတ်အရင်းအနှီးက တစ်ဧကကို အနည်းဆုံးငွေကျပ် (၁၀) သိန်းဝန်းကျင်လောက် ရင်းနှီးထားရတယ်ဗျ။ အထွက်နှုန်းအနေနဲ့ကတော့ အောင်မြင်ဖြစ်ထွန်းမှုအပေါ် မူတည်ပြီး ပျမ်းမျှပိဿာချိန် ၃၅၀၀ မှ ၄၀၀၀ အထိ ထွက်ရှိနိုင်ပါတယ်။ ကျွန်တော်တို့ဒေသမှာ ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို မိုးရာသီနဲ့ ဆောင်းရာသီမှာ အများဆုံးစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ လက်ရှိမှာ ကြက်သွန်နီဈေးကလဲ ကောင်းနေတော့ ဒေသတွင်းရှိ ကြက်သွန်နီစိုက်ပျိုးတောင်သူတွေ သီးနှံဝင်ငွေ အကျိုးအမြတ် ရရှိကြမယ်လို့ မျှော်လင့်ပါတယ်" ဟု ပွင့်ဖြူမြို့နယ်မဲဇလီကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။

ပွင့်ဖြူမြို့နယ်တွင် ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို ဆည်တော်ကျေးရွာ၊ မဲဇလီကျေးရွာ၊ ကြူဝန်းကျေးရွာ၊ အနောက်လေးအိမ်ကျေးရွာ၊ ထန်းတောကျေးရွာ၊ ညောင်ပင်ဝိုင်းကျေးရွာ၊ ထူးပေါက်ကျေးရွာ၊ ကျွဲခြံကျေးရွာ၊ လယ်မကျေးရွာ၊ အင်းနက်ကျေးရွာနှင့် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။ ဒေသခံတောင်သူများက မိမိတို့စိုက်ပျိုးထွက်ရှိသော ကြက်သွန်နီများကို မကွေးမြို့နှင့် မင်းဘူးမြို့တို့အပြင် ရန်ကုန်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များသို့ တင်ပို့ရောင်းချပေးလျက်ရှိကြောင်းနှင့် ယခုနှစ်တွင် ကြက်သွန်နီဈေးနှုန်းကောင်းမွန်နေတာကြောင့် ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။  

ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်အတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တစ်မြို့နယ်လုံး ဆောင်းကြက်သွန်နီ ၁၁၂၄ ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ ၁၁၂၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )