ရွှေတောင်မြို့နယ်တွင် ဌာနဆိုင်ရာအကြီးအကဲများ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရွှေတောင် ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မိမိတို့၏ ဌာနအလိုက် လစဥ် ပုံမှန်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ရွှေတောင်မြို့နယ်အတွင်း ပေါင်းစပ်လုပ်ကိုင်ရမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အထွက်နှုန်းကောင်းမျိုး သီးနှံစိုက်ပျိုးထားရှိမှု အခြေအနေများ၊ ဆည်ရေပေးဝေမှုနှင့် ကျေးရွာချင်းဆက်လမ်းများတွင် အရိပ်ရအပင်များ စိုက်ပျိုးထားရှိရန် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာဌာနအလိုက် ပုံမှန်လုပ်ဆောင်မှုများနှင့် လက်ရှိဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ်ပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)