ရွှေတောင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (၂/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရွှေတောင် ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.က(ကြာနီကန်)ကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ကြီးမှူး၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (၂/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်၊  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်စေရန်နှင့် ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများကြား ပိုမိုချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို (၁၂-၁၂-၂၀၂၃)မှ (၁၅-၁၂-၂၀၂၃)ရက်နေ့ထိ (၄) ရက် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်၍ သင်တန်းနည်းပြဆရာများမှ သက်ဆိုင်ရာအလိုက် ရှာဖွေရေးနှင့်ကယ်ဆယ်ရေး၊ အန္တရာယ်မျိုးစုံပါဝင်သော ဘေးအန္တရာယ်စီမံခန့်ခွဲမှုအစီအစဥ်၊ လူမှုစိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ခြင်း၊ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေလျှော့ချခြင်းကို ထည့်သွင်းရေးဆွဲခြင်း၊ အရေးပေါ်ကာလ ပြည်သူ့ကျန်းမာရေး၊ ကယ်ဆယ်ရေးပစ္စည်းများဖြန့်ဝေခြင်း၊ ကြိုတင်သတိပေးစနစ်ကို ခြုံငုံလေ့လာခြင်း၊ ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး၊ စခန်းစီမံခန့်ခွဲမှု၊ မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်များအကြောင်း၊ သဘာဝဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ဆန်းစစ်ချက်ဖြေဆိုခြင်းများကို စာတွေ့၊ လက်တွေ့ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)