ငဖဲမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းသီးနှံမျိုးစုံ(၇၅၁၇)ဧက စိုက်ပျိုးပြီးစီး

ငဖဲ ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ၂၀၂၃ ခုနှစ် ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် ဆောင်းသီးနှံမျိုးစုံ (၇၅၁၇)ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း ငဖဲမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးမှ သိရသည်။

ငဖဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံများစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ (၆၄၇၇)ဧက၊ ဆီထွက်သီးနှံ (၁၁၃၃)ဧက၊ စားဖိုဆောင်နှင့် အခြားသီးနှံ (၂၈၃၉)ဧက  စုစုပေါင်း(၁၀၄၄၉)ဧက စိုက်ပျိုးရန်လျာထားရာ ယနေ့အချိန်ထိ (၇၅၁၇)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင် မန်းချောင်းရေလှောင်တမံဆည်ရေ၊ ရင်းရှည်ရေလှောင်တမံဆည်ရေ၊ ဆည်ငယ်၊ ကန်ငယ်ရေများနှင့် မြေအောက်ရေတင်၍ စိုက်ပျိုးကြပြီး နှစ်ရှည်သီးနှံပင်များနှင့် သီးထပ်၊ သီးညှပ် ရောနှောစိုက်ပျိုးလျက်ရှိပြီး ကုလားပဲသီးနှံ နှင့် ဆောင်းနေကြာကို ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

ငဖဲမြို့နယ်အတွင်း ဆောင်းသီးနှံများ စိုက်ပျိုးပြီးစီးမှုအနေဖြင့် ယနေ့အထိ ဆီထွက်သီးနှံ (၉၅၂) ဧက၊ ပဲမျိုးစုံ(၃၈၃၂)ဧကနှင့် အခြားသီးနှံ (၂၇၃၃) ဧက စုစုပေါင်း ( ၇၅၁၇)ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက် ပြည့်မီရေး ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်းနှင့် စိုက်ပျိုးထားသော ဆောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်စိုး၊  ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူးဦးငြိမ်းချမ်းနှင့်ကွင်းဝန်ထမ်းများက ဒေသတွင်းစားသုံးဆီ ဖူလုံစေရေးအတွက် စိုက်ပျိုးထားရှိသော ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေး၊ ဆောင်းသီးနှံများ အရည်အသွေးကောင်းမွန်ရေး၊ အထွက်နှုန်းကောင်းမွန်ရေးနှင့် တောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်များကို ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)