ကျိုက်ထို ဒီဇင်ဘာ ၁၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အဆင့်လူထုအတွင်း အသက်(၂)နှစ်အောက်ကလေးသူငယ်များအစာ အာဟာရကျွေးခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခွန်မောင်အိုးမှ သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြများက (၂)နှစ်အောက်ကလေးသူငယ်များအား အစာအာဟာရကျွေးခြင်းအရေးပါပုံနှင့် နှစ်သိမ့်ဆွေးနွေးခြင်း၊ မိခင်နို့တိုက်ကျွေးပုံ၊ မကြာခဏတွေ့ရတတ်သော မိခင်နို့တိုက်ကျွေးခြင်း အခက်အခဲများ၏လက္ခဏာများ ကာကွယ်ခြင်းနှင့်ဆောင်ရွက်ခြင်း၊ (၂)နှစ်အောက် ကလေးသူငယ်များအစာကျွေးခြင်း၊ လက်ရှိသတ်မှတ်ချက်များနှင့်အညီ မိခင်နို့တိုက်ကျွေးခြင်း၊ (၆)လမှ (၂၄)လ ကလေးများအားဖြည့်စွက်စာကျွေးခြင်း၊ မကျန်းမာသောကလေးအား အစာအာဟာရကျွေးခြင်းနှင့် အိပ်ခ်ျအိုင်ဗွီရောဂါအရေးပေါ်အခြေအနေများတွင် (၂)နှစ်အောက်ကလေးသူငယ်အစာအာဟာရကျွေးခြင်းလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်ခြင်းစသည့်သင်ခန်းစာများကို သင်ကြားပို့ချခဲ့သည်။
အဆိုပါသင်တန်းတွင် ကျန်းမာရေးဝန်ထမ်း(၈၁)ဦးအား မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခွန်မောင်အိုးနှင့် လက်ထောက်ကျန်းမာရေးမှူးဒေါ်ဝါဝါခိုင် အမျိုးသမီးကျန်းမာရေးဆရာမဒေါ်စန်းစန်းခိုင်တို့က ဒီဇင်ဘာ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့ထိ (၂)ရက်ကြာ ဆွေးနွေးပို့ချသင်ကြားခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ဝင်းမောင်(ကျိုက်ထို)