ခန္တီး ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်း (ဇီးဖြူကုန်း)တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအလယ်တန်း ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နန်းအေးခိုင်က ကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ စာဖတ်ခြင်းကြောင့် မိမိတို့၏ ကိုယ်ပိုင်အရည်အသွေးများ ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ စာပေကြောင့် အတွေးအခေါ်များ မှန်ကန်လာစေမည်ဖြစ်ပါကြောင်း စသည့် ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ဒေါ်တင်မာဦး(ရုပ်သံကျွမ်းကျင်-၃)က ပုရွက်ဆိတ်နှင့် နှံကောင်လေး ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ရာ တက်ရောက်လာသော ကျောင်းသား/သူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာတွင် ဆွေးနွေးဟောပြောသူများက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး၊ အသိပညာပေး သုတ၊ ရသစာအုပ်များနှင့် အခြားစိတ်ဝင်စားမည့် စာအုပ်များလည်း ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေးခိုင်(ပြန်/ဆက်)