မော်လမြိုင် ဒီဇင်ဘာ ၁၃
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော FIFA-MFF U-15 LEAGUE 2023 ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် အသက်(၁၅)နှစ်အောက် ရာမည FC ဘောလုံးအားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်တွင် မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် ဂုဏ်ပြုပန်းစည်းများဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။
ဂုဏ်ပြုပွဲအခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ဆက်လက်၍ကျင်းပရာ ရှေးဦးစွာ FIFA-MFF U-15 LEAGUE 2023 ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် အသက်(၁၅)နှစ်အောက် ရာမည FC ဘောလုံးအသင်းမှ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပ၍ FIFA-MFF U-15 LEAGUE 2023 ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့ပြီး အခြားအင်အားကြီးပြည်နယ်နှင့် တိုင်းအသင်းကြီးများကိုကျော်ဖြတ်၍ အနိုင်ယူကာ တတိယဆုရရှိအောင် စွမ်းဆောင်ခဲ့ကြလို့ အုပ်ချုပ်သူ၊ နည်းပြများနှင့် အသင်းသားအားလုံးကို မွန်ပြည်နယ်ပြည်သူလူထုကိုယ်စား လှိုက်လှိုက်လှဲလှဲချီးကျူးဂုဏ်ပြုပါကြောင်း၊ မွန်ပြည်နယ်လက်ရွေးစင် အားကစားသမားများအနေဖြင့် အားကစားစည်းမျဉ်း/စည်းကမ်း ဥပဒေဘောင်များအတွင်းကနေ အားကစားစိတ်ဓာတ်အပြည့်ဖြင့် တရားနည်းလမ်းကျစွာ ယှဉ်ပြိုင်အနိုင်ယူပြီး မွန်ပြည်နယ်အတွက် ဆုတံဆိပ်များဆွတ်ခူးပေးခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်းနှင့် ရှေ့ဆက်ပြီးလည်း ပြိုင်ပွဲတိုင်းမှာ အနိုင်ရရှိကာ ပြည်နယ်ဂုဏ်ကိုမြှင့်တင်ပေးနိုင်အောင် ကြိုးစားလေ့ကျင့်သွားကြရန် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် စွမ်းစွမ်းတမံ ကြိုးစားလေ့ကျင့်သွားကြရန် တာဝန်ရှိသူအားလုံးကလည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန်နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ကလည်း အောင်မြင်မှုရရှိပါက ထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ် ရာမည FC ဘောလုံးအသင်း နည်းပြချုပ်မှ ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး FIFA-MFF U-15 LEAGUE 2023 ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် အသက်(၁၅)နှစ်အောက် ရာမည FC ဘောလုံးအသင်းအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဂုဏ်ပြုဆုငွေကျပ်သိန်း(၈၀) ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် မွန်ပြည်နယ် ရာမည FC ဘောလုံးအသင်းအုပ်ချုပ်သူ ဦးဆန်းဝင်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ဆုရပြိုင်ပွဲဝင် အားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)