မြေရဲမြောက် အ.မ.က တွင် တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ ဟောပြောခြင်းနှင့် အခမဲ့ ဆေးကုသခြင်းများ ဆောင်ရွက်

ကျုံပျော် ဒီဇင်ဘာ ၁၃

ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အနာရောဂါ ကင်းရှင်း၍ ကျန်းမာရေး ပိုမိုကောင်းမွန်စေရန်အတွက် တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ ဟောပြောခြင်းနှင့် အခမဲ့ဆေး ကုသခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ မြေရဲမြောက် အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့ နေ့လည် ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျုံပျော်မြို့ (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်ဇင်လဲ့မွန်က မြေရဲမြောက် အ.မ.က ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ကျန်းမာရေး၊ မီဖိုချောင်သုံး ပစ္စည်းများဖြင့်  ဆေးမြီးတို ကုသနည်း၊ သက်ရှည်ကျန်းမာအောင် စားသောက်နေထိုင်နည်း စသည့် အကြောင်းအရာများအား အသိပညာပေး ဟောပြောသည်။

ထို့နောက်  ဆရာ၊ ဆရာမများနှင့်  ကျောင်းသား၊ ကျောင်းသူ (၈၆)အား တစ်ဦးချင်းအလိုက် တိုင်းရင်းဆေး  အခမဲ့ ကုသခြင်းများကို ဆောင်ရွက်ကာ  ဆေးဝါးများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း၊ ယခုကဲ့သို့ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အသိပညာပေး လုပ်ငန်းများ လာရောက်ဆောင်ရွက်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ဝမ်းမြောက်ကြကြောင်း  သိရသည်။

လပြည့်ဦး(ပြန်/ဆက်)