ကျွန်းလှမြို့၌ စားအုန်းဆီများ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာရောင်းချ

ကျွန်းလှ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ဒေသခံပြည်သူများ စားအုန်းဆီများ ပြင်ပပေါက် ဈေးထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရန်အတွက် ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက် ၆ နာရီခွဲက ကျွန်းလှမြို့၊ သစ်ရာမြိုင် ရပ်ကွက်ဈေး၌ ရောင်းချပေးကြောင်း သိရသည်။

“ကျွန်တော်တို့ ပြည်သူတွေက နေ့စဉ်စားသောက်ရာမှာ စားသုံးဆီ မရှိမဖြစ်လိုအပ်ကြပါတယ်။ ဒီဒေသမှာက လက်ရှိစားအုန်းဆီတစ်ပိဿာ ငွေကျပ် ၈၀၀၀ ကျော်ဈေးရှိချိန် ဆီတစ်ပိဿာ ငွေကျပ် ၅၇၀၀ ဈေးနှုန်းဖြင့် ရောင်းချပေးတဲ့အတွက် ဝမ်းသာနေကြပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောပြသည်။

အဆိုပါ စားအုန်းဆီများ ရောင်းချပေးနေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ ကြီးကြပ်ပြီး လူတစ်ဦးလျှင် ဆီ ၅၀ ကျပ်သားနှုန်းဖြင့် လူဦးရေ ၂၀၀ အား လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ