ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

ဟင်္သာတ ဒီဇင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဇော်ထွန်း၊ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့နယ်ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းရှိ (၂)ထပ် စာသင်ဆောင် ဟောခန်းမကြီး၌ ကျင်းပပြုလုပ်သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၃/၂၀၂၃)သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊  ကျောင်းကွင်းကျေးရွာအုပ်စု၊ ဖိုးသူတော်ကွင်း ကျေးရွာရှိ ကွင်းအမှတ်(၁၅၂၁)၊ ဦးပိုင်အမှတ်(၈၃)၊ တောင်သူ ဦးအုန်းလွင် ပိုင်ဆိုင်သည့် ဆောင်းနေကြာ သီးသန့်(၃)ဧကနှင့် ပိုက်ဆံလျှော်(၁)ဧက စိုက်ခင်းသို့ ရောက်ရှိခဲ့ပြီး စိုက်ခင်းများ၏ စိုက်ပျိုးပြီးစီးမှု၊ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် ကုန်းကြီးကျေးရွာအုပ်စု၊ နတ်မော်လမ်းရှိ ဦးသန်းစိုးပိုင် စုစန္ဒာဆန်စက်သို့ ရောက်ရှိခဲ့ပြီး ဒေသခံတောင်သူများမှ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် မိုးစပါးများ ပြန်လည်အပ်နှံနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် သုံးပင်ကွင်းရပ်ကွက်၊ ဦးခိုလမ်းရှိ ဆယ်ထပ်ကြီးဘုရားဝန်းအတွင်းသို့ ရောက်ရှိခဲ့ပြီး အဆိုပါဘုရားဝန်းအတွင်း၌ ဟင်္သာတမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ခြင်း၊ ဇီဝအချက်အလက်ဆိုင်ရာ ကောက်ယူခြင်းနှင့် ပန်းခင်း စီမံချက် အဆင့်(၂)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော ဟင်္သာတမြို့နယ်၊ သုံးပင်ကွင်းရပ်ကွက်၊ လယ်တီကွင်းရပ်ကွက်၊ အေးမြသာယာရပ်ကွက်နေ ဒေသခံပြည်သူ(၁၃၂)ဦးတို့အား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ရောက်ပေးအပ်ခဲ့သည်။ ဆက်လက်၍ အင်းဓဝယ် အုပ်စု/ကျေးရွာရှိ ကွင်းအမှတ်(၁၄၆၄)၊ ဦးပိုင်အမှတ်(၁၆၃/၂)၊ တောင်သူ ဦးအေးနိုင်၊ ဦးမန်းအောင်ချစ်တို့ ပိုင်ဆိုင်သော ဆင်းရွှေကြာနေကြာသီးသန့် (၂)ဧက စိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)