ပျဉ်းမနားမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပျဉ်းမနား ဒီဇင်ဘာ ၁၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လူငယ်များ၏ အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသည်ဖြစ်သောကြောင့် လူငယ်များ၏ဘဝများ မြင့်မားတိုးတက်လာရေးအတွက် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ကျင်းပပေးနေခြင်းဖြစ်ကြောင်း၊ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူငယ်များ၏အတွေးအခေါ်မှန်ကန်ပြီး စစ်မှန်သော မျိုးချစ်စိတ်များ ပေါ်ထွန်းလာစေရန် အထူးပင်အရေးကြီးပါကြောင်း၊ မိမိကိုယ်ကိုကောင်းအောင်ကြိုးစားရင်း မိမိနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အားပါဝင်ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အမျိုးသားစာပေဆုရှင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)က “မင်္ဂလာရှိသောနေ့” ခေါင်းစဉ်ဖြင့် လူငယ်ရေးရာအသိပညာပေး ဟောပြောခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်သင်းသင်းဇင်က အမျိုးသား စာပေဆုရှင် ဆရာချစ်နိုင်(စိတ်ပညာ)အား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့သည်။

ထို့နောက် အမှတ်(၁)အခြေခံပညာကျောင်းအုပ်ဆရာမကြီး ဒေါ်ယုယုကြည်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများက ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြ ကြောင်းသိရသည်။

မျိုးသီဟ(ပြန်/ဆက်)