ကျွန်းလှ၌ ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ ကျင်းပ

ကျွန်းလှ ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲကို ယနေ့နံနက် ၁၀ နာရီက ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်၊ မူလတန်းလွန်ကျောင်း၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသီမြင့်က အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ၏ ရည်ရွယ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စာဖတ်ပေဖတ်ရှု ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများအကြောင်း ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ