ပေါင်းတည်၌ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ

ပေါင်းတည် ဒီဇင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့တွင် ကျရောက်မည့် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မြို့နယ်အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက အ.ထ.က(ပေါင်းတည်) ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ ပြိုင်ပွဲများသို့  မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြရာ စာစီစာကုံးပြိုင်ပွဲတွင် မူလတန်းဆင့် ၁၀ဦး၊ အလယ်တန်းဆင့် ၂၂ ဦး၊ အထက်တန်းဆင့် ၂၃ ဦး၊ ကဗျာသီကုံးပြိုင်ပွဲတွင် အထက်တန်းဆင့် ၁၄ ဦးနှင့် ကျပန်းစကားပြောပြိုင်ပွဲ အထက်တန်းဆင့် ၅ ဦး စုစုပေါင်း ၇၄ဦး အသီးသီး ပါဝင်ယှဉ်ပြိုင်​ကြကြောင်း သိရသည်။

စာစီစာကုံးပြိုင်ပွဲများတွင် အထက်တန်းဆင့်အတွက် လွတ်လပ်မှ ထွတ်မြတ်မည်၊ အလယ်တန်းဆင့်အတွက် လွတ်လပ်ရေးအောင်ပန်း၊ မူလတန်းဆင့်အတွက် လွတ်လပ်ရေးနေ့ တို့မမေ့၊ အထက်တန်းဆင့် ကဗျာပြိုင်ပွဲအတွက် လွတ်လပ်ရေးအမွေခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ရေးသားစေခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲများမှ ဆုရရှိသူများအား ပေါင်းတည်မြို့နယ်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သူရကြီး(ပေါင်းတည်)