ပေါက်ခေါင်းမြို့နယ် ကန်စုကျေးရွာ၌ VDP ရန်ပုံ‌ငွေကျပ်သိန်း ၁၅၀ ဖြင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

ပေါက်ခေါင်း ဒီဇင်ဘာ ၁၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွါးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသည့် လမ်းပန်းဆက်သွယ်ရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် အခြားလိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကန်စု‌ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ဖြင့် ကျေးရွာတွင်းလမ်း ကျောက်ရောမြေနီလမ်းခင်းခြင်းလုပ်ငန်း၊ လမ်းအရှည် ၃၆၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မနှင့် ဆိုလာစနစ်သုံး‌ ရေသန့်စင်စက်တပ်ဆင်အသုံးပြုသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ခဲ့ရာ ယခုအခါ အဆိုပါလုပ်ငန်းများမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် အဆိုပါကျေးရွာလူထုကိုယ်တိုင် ရွေးချယ်ပေးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၅၀ ကို ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ ယင်းသို့ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဒဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်း၊ တာဝန်ခံအင်ဂျင်နီယာများနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)