ဒေးဒရဲမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ဒေးဒရဲ ဒီဇင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို  ယမန်နေ့ ညနေ ()နာရီက ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာမ ​​ဒေါက်တာခင်စန်းမော် ရေးသားသည့် ပညာရှင်စိတ်ထား စာအုပ်ပါ စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းဆောင်းပါးနှင့် ပညာရှင်စိတ်ထား ဆောင်းပါးကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများက ဆွေးနွေးကြရာတွင် ဘဝဆိုတာ တစ်သက်သာ ကာလလုံး သင်ယူနေရမယ့် ခရီးရှည်ကြီး ဖြစ်ပါကြောင်း၊ ကိုယ်ဘဝရဲ့ အတွေ့အကြုံတွေ သူတပါးရဲ့ အမှားတွေကနေ ပညာယူတတ်မှသာ အချိန်နှင့်အမျှ တိုးတတ်လာသည့် ပညာရပ်များကို သိရှိနိုင်မှာ ဖြစ်ပါကြောင်းနှင့် အရည်အသွေး အပြည့်ဝဆုံး၊ ကိုယ့်ကျင့်သိက္ခာအရှိဆုံးနှင့် ကတိပေးထားတဲ့ အတိုင်း အပြည့်အဝဆောင်ရွက်နိုင်မှသာ ပညာရှင်စိတ်ထားမျိုး ဖြစ်ပါကြောင်း ပညာဘယ်လောက် သင်ထားပါစေ ပညာမဲ့တစ်ယောက်လို ပြုမူရင် ထိုသူဟာပညာမဲ့သူပင် ဖြစ်ပါကြောင်း    အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။

ဒေးဒရဲမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရေး၊ စာပေဖတ်ရှုမှု တိုးပွားလာစေရေး၊ စာဖတ်ဝိုင်းမျာ၊ အသိပညာပေးဟောပြောပွဲများ၊ Talk Show များ ကျင်းပခြင်းနှင့် ဌာနဆိုင်ရာ ရုံးများသို့ စာအုပ်စာစောင်များ  ငှားရမ်းခြင်းကို အပတ်စဥ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း