ပေါက်ခေါင်းမြို့နယ်၌ မတ်ပဲ (ဆောင်း) ၁၂၈၄၁ ဧကစိုက်ပျိုးပြီးစီး

ပေါက်ခေါင်း ဒီဇင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်‌ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မတ်ပဲ (ဆောင်း) စိုက်ပျိုးရန်အတွက် ၁၂၈၄၀ ဧကစိုက်ပျိုးရန်လျာထားလျက်ရှိရာ ဒီဇင်ဘာ ၇ ရက်နေ့အထိတောင်သူများ၏ လယ်ယာမြေများတွင် ၁၂၈၄၁ ဧကအထိစိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားချက်ထက်ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

"ကျွန်တော်တို့ မတ်ပဲစိုက်ပျိုးဖို့ကို နိုဝင်ဘာလဆန်းလောက်ကစတင်ပြီး ထွန်ယက်ခြင်း၊ မြေပြုပြင်ခြင်းတွေကို ထွန်စက်နဲ့ ငှားရမ်းပြီးထွန်ယက်တာတွေရှိသလို မိမိကိုယ်ပိုင် နွားများနှင့်လည်း လုပ်ငန်းဆောင်ရွက်နေတာတွေရှိပါတယ်၊ ကျွန်တော်တို့က မတ်ပဲစိုက်ပျိုးဖို့ အတွက် မိုးစပါးကို ကောက်ရင်စပါးကိုစိုက်တယ် မိုးစပါးက အောက်တိုဘာလကုန် နိုဝင်ဘာလဆန်း‌ လောက်ဆိုရိတ်ပါပြီ၊ စပါးရိတ်ပြီးတာနဲ့ နိုဝင်ဘာလအတွင်းအပြီးစိုက်ပါတယ် ခုဆိုမတ်ပဲပင်တွေ တစ်လသားနီးပါးရှိပါပြီ၊ခုနှစ်က မတ်ပဲ ၈ ဧကစိုက်ပျိုးထားပြီး အချိန်မီ စိုက်ပျိုးထားတော့ ပိုးမွှားကင်းစင်တယ် အပင်ကြီးထွားဖြစ်ထွန်းတယ်" ဟု လေးကြီးကျေးရွာ တောင်သူတစ်ဦးက ပြောသည်။

ပေါက်ခေါင်းမြို့နယ်တွင် တောင်သူများအနေဖြင့် စပါးသီးနှံကို အဓိကထားစိုက်ပျိုးကြပြီး၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့နှင့် မတ်ပဲနှင့်ပဲမျိုးစုံ၊ ဝါနှင့်အခြား ဟင်းသီး ဟင်းရွက် သီးနှံစုံတို့ကိုလည်း ရာသီအလိုက်စီးပွားဖြစ်သော်လည်းကောင်း၊ တစ်နိုင်တစ်ပိုင် သော်လည်းကောင်း စိုက်ပျိုးထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)