မော်လိုက်မြို့၌ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်အားကစားရေးရာအကြောင်း သိကောင်းစရာများ အသိပညာပေး ဆောင်ရွက်

မော်လိုက် ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ပူးပေါင်းကျင်းပသော ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် အားကစားရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၁)နာရီ အချိန်က တပ်ဦး ဘုန်းတော်ကြီးပညာသင်ကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ဘုန်းတော်ကြီးပညာသင်ကျောင်းမှ ဆရာတော်ဦးအာသဖမှ ဩဝါဒစကား ပြောကြားသည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်းက ကျောင်းသား/သူများ အသိပညာတိုးပွားလာစေရန် ဗလငါးတန်အကြောင်း သိကောင်းစရာများ၊ စာဖတ်ရခြင်းမှ ရရှိသည့် အကျိုးကျေးဇူးများကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းထိန်က အားကစား၏ အဓိပ္ပာယ်များ၊ အားကစားတစ်ဦးတွင် ရှိသင့်ရှိထိုက်သည့် အရည်အချင်းများနှင့် အားကစားပြုလုပ်ခြင်းမှ ရရှိသည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ မြို့နယ် ဦးစီးမှူး ဦးစံမင်းအောင်က အားကစားအကြောင်း သိကောင်းစရာများ ကိုလည်းကောင်း အသိပညာပေး ဆွေးနွေးပြောကြားပြီး အားကစားပစ္စည်းများ ကိုထောက်ပံ့ပေးအပ်ခဲ့ရာ ဆရာ/ဆရာမများက လက်ခံခဲ့ကြသည်။  

၎င်းနောက် ပြန်/ဆက်ဦးစီးဌာနမှ ပြသထားသော ဗဟုသုတရဖွယ် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/သူများက လေ့လာကြည့်ရှုခဲ့ကြပြီး ကာယဆရာမများနှင့်အတူ ကျောင်းသား/သူများက ကိုယ်လက်ကြံ့ခိုင်ရေး အတွဲအမှတ်() လေ့ကျင့်ခန်းများကို ပျော်ရွှင်စွာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်