လယ်ဝေးမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

လယ်ဝေး ဒီဇင်ဘာ ၁၂

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းအခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးသန်းကျော်ထွန်းက အမှာစကားပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က စေ့စပ်ညှိနှိုင်းရေးမှူး (Moderator)အဖြစ် ဆောင်ရွက်ပြီး Grade-11 မှ ကျောင်းသား၊ ကျောင်းသူလေးများဖြစ်သည့် မယွန်းရတီဦးက လူငယ်နှင့်စာဖတ်ခြင်း၊ မမြတ်နိုး​မေက လူငယ်နှင့်ကျန်းမာရေး၊ မောင်ကျော်ကျော်လွင်က လူငယ်နှင့်မူးယစ်ဆေး၊ မောင်အံ့ဘုန်းမြတ်က လူငယ်နှင့်ရည်မှန်းချက် စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဖြေကြားပေးခဲ့သည်။

ဆက်လက်၍ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် လူငယ်ဆိုင်ရာအသိပညာပေးစာအုပ်ပြပွဲများအား ကျောင်းသားကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

နေရည်(ပြန်/ဆက်)