လားရှိုးဒေသထွက် နာနတ်သီးများ ဈေးကွက်အတွင်း စတင်ရောင်းချနေပြီဖြစ်ပြီး ယခုနှစ်တွင် ဈေးကောင်းရ

လားရှိုး ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးဒေသအတွင်း စိုက်ပျိုးဖြစ်ထွန်းသည့် နာနတ်သီးများ ဈေးကွက်အတွင်း စတင်ရောင်းချနေပြီဖြစ်ပြီး ယခင်နှစ်များထက် ဈေးပိုရကြောင်း သိရသည်။

လားရှိုးမြို့နယ်တွင် နာနတ်သီးကို လားရှိုး-မန္တလေး ပြည်ထောင်စုကားလမ်းမကြီးဘေးရှိ စဉ့်အင်ကျေးရွာတွင် အဓိကထား စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။

“ဒီတစ်နှစ်တော့ နာနတ်သီးက ဈေးနည်းနည်းကောင်းပါတယ်။ ဈေးကောင်းပေမယ့်လည်း တင်ပို့စရိတ်၊ လုပ်အားခနဲ့ သိပ်တော့မထူးဘူးပေါ့။ သီပေါဘက် ကုန်းသာနာနတ်သီးက စဉ့်အင်တံတားကျိုးတော့ လားရှိုးဘက်ကို တင်ပို့ရောင်းချဖို့အခက်အခဲရှိတော့ စဉ့်အင်နာနတ်ကိုပဲ လားရှိုးမှာ အဓိကရောင်းချကြတာပေါ့။” ဟု သစ်သီးကုန်သည်တစ်ဦးက ပြောသည်။

လားရှိုးမြို့နယ်တွင် ယခင်က  သီပေါမြို့နယ် ကုန်းသာကျေးရွာထွက် နာနတ်သီးနှင့် စဉ့်အင်ကျေးရွာထွက် နာနတ်သီးကို အများဆုံးရောင်းချလေ့ရှိကြသော်လည်း ယခုနှစ်တွင် ဆက်သွယ်ရေးအခြေအနေများကြောင့် ကုန်းသာနာနတ်သီးမှာ လားရှိုးတွင် ရောင်းချနိုင်ခြင်းမရှိကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)