ပြင်ဦးလွင်မြို့နယ်တွင် အထက်တန်းအဆင့် စကားရည်လုပြိုင်ပွဲကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်ကျင်းပသည့် အထက်တန်းအဆင့် စကားရည်လုပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်နှင့်တာဝန်ရှိသူများ၊ အ.ထ.က (၁) မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ စာရေးဆရာကို ရွှေအောင်သင်း၊  ပြင်ဦးလွင်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာသက်နိုင်(ပြင်ဦးလွင်)၊ ပြင်ဦးလွင်မြို့နယ် သတင်းစာဆရာအသင်း ဒုတိယဥက္ကဋ္ဌဒေါ်အေဇင်မေ၊ မြင့်မြတ်စာကြည့်တိုက်မှ ဦးမြင့်ဆွေနှင့် Book Club အဖွဲ့ဝင် ဦးအောင်သူတို့ တက်ရောက်ကြသည်။

ရှေးဦးစွာ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဝါဝါလွင်က စကားရည်လုပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ဒိုင်အဖွဲ့ခေါင်းဆောင် ဆရာသက်နိုင်(ပြင်ဦးလွင်)က အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် အထက်တန်းအဆင့် စကားရည်လုပြိုင်ပွဲ စတင်ကျင်းပရာ ကျောင်းသား/ကျောင်းသူ(၁၂)ဦးမှ ပြိုင်ပွဲဝင် ခေါင်းစဉ်အလိုက် အဆို၊ အချေပြောကြားချက်များဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။

ထို့နောက် ပြိုင်ပွဲယှဉ်ပြိုင်မှုများနှင့်ပတ်သက်၍ စာရေးဆရာကိုရွှေအောင်သင်းနှင့် ဆရာသက်နိုင် (ပြင်ဦးလွင်) တို့က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ထူးချွန်ဆုရရှိသူများအား ကြေညာခဲ့သည်။

ပြင်ဦးလွင်မြို့တွင်ကျင်းပသော အထက်တန်းအဆင့် စကားရည်လုပြိုင်ပွဲတွင် ပထမဆုအား အ.ထ.က (၂) ကိုယ်စားပြု ကျောင်းသား/ကျောင်းသူများကလည်းကောင်း၊ ဒုတိယဆုကို အ.ထ.က (၁) ကိုယ်စားပြု ကျောင်းသား/ကျောင်းသူများကလည်းကောင်း၊ တတိယဆုကို အ.ထ.က (၃)  ကိုယ်စားပြု ကျောင်းသား/ကျောင်းသူများကလည်းကောင်း အသီးသီးရရှိခဲ့ပြီး တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကာ အထက်တန်းအဆင့်စကားရည်လုပြိုင်ပွဲအား အောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။

ဖြူလူသစ်(ခရိုင်၊ပြန်/ဆက်)