လားရှိုး ဒီဇင်ဘာ ၁၂
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ထေရဝါဒဗုဒ္ဓသာသနာထွန်းကားစေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရအဘိဓမ္မာစာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင်စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ဒုတိယနေ့ကို လားရှိုးမြို့၊ ပန်အုပ်ကျောင်းတိုက်တွင် ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က ကျင်းပသည်။
အစိုးရအဘိဓမ္မာ စာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင်စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများ ကျင်းပပြုလုပ်နေမှုအခြေအနေများကို စာမေးပွဲကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ပန်အုပ်ကျောင်းဆရာတော် ဘဒ္ဒန္တဇိနောရသာလင်္ကာရနှင့် မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်ကြီးများ၊ ပြည်နယ်သာသနာရေးမှူးရုံးခွဲ(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်မောင်မောင်စိုးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ စာမေးပွဲကို လားရှိုးမြို့၊ ပန်အုပ်ကျောင်းတိုက်၌ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ သုံးရက်တိုင်ကျင်းပနေခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ စာမေးပွဲဒုတိယနေ့တွင် လားရှိုးစာဖြေဌာနမှ အဘိဓမ္မာ(ရိုးရိုး) စာမေးပွဲဖြေဆိုသူ ၁၀၄ ဦး ဝင်ရောက်ဖြေဆိုကြကြောင်း သိရှိရပါသည်။
စိုင်းထွန်း (လားရှိုး)