ကျိုက်ထိုမြို့ အ.လ.က(ကျိုက်ပိ)၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ပြုလုပ်

ကျိုက်ထို    ဒီဇင်ဘာ  ၁၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့်  စာပေချစ်သူများအသင်းတို့ ပူးပေါင်း၍  လူငယ်/လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျိုက်ထိုမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ကျိုက်ပိ)၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စာပေချစ်သူများအသင်း(Book Club)အဖွဲ့ဝင် ဦးလှထွန်းနှင့် ဒေါ်တင်ထားအေးတို့မှ အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က လူငယ်စကားဝိုင်း ပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ဗလငါးတန်နှင့် ပြည့်စုံရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်စေရန် ပြင်ပစာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့်  နိုင်ငံ့သားကောင်း လူငယ်များဖြစ်လာရေး ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက အစီစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး အားကစားမှူး ဦးရန်နိုင်အောင်၊ အ.လ.က(ကျိုက်ပိ)ကျောင်းမှ  Grade-9 ကျောင်းသား မောင်အောင်သန့်ဇင်၊ မောင်မင်းထက်ကျော်ဇင်၊ ကျောင်းသူ မစုစုလင်းနှင့် Grade-8‌ ကျောင်းသူ မနှင်းရတီစံတို့မှ လူငယ်နှင့်အားကစားလူငယ်တွေ လက်ခံနေတဲ့ ယဉ်ကျေးမှု”၊ လူငယ်နှင့်စိတ်ဖိအား”၊ ငယ်စဉ်အခါပညာရှာ”၊ “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့”ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များတို့ကို ကျယ်ကျယ်ပြန့်ပြန့် ‌မျှဝေဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြရာ စကားဝိုင်း ပါဝင်ဆွေးနွေးသူများနှင့် စာ‌ပေချစ်သူများအသင်းအဖွဲ့ဝင်များတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြပြီး အ.လ.က (ကျိုက်ပိ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူသင်းက လူငယ်စကားဝိုင်း လာရောက်ပြုလုပ်ပေးရခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြော‌ကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

ကျိုက်ထို(ပြန်/ဆက်)