ဖြူး ဒီဇင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် ဖြူးမြို့နယ် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံတို့ ပူးပေါင်း၍ ပြည်သူများအား ယနေ့မွန်းလွဲပိုင်းက ကျန်းမာရေးအသိပညာပေး၍ တိုင်းရင်းဆေးဖြင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးက ဆောင်းရာသီတွင် ဖြစ်တတ်သော ရောဂါများအကြောင်း၊ ဖြူးမြို့နယ် (၁၆)တင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်းက “အစာလည်းဆေး ဆေးလည်းအစာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးဆရာအသင်းဥက္ကဋ္ဌ ဦးလှထွန်းဦးက တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာများကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသော မြို့ပေါ်ရပ်ကွက်နေပြည်သူများအား သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ရောဂါအလိုက် တိုင်းရင်းဆေးများပေးခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)