ပေါက်ခေါင်း ဒီဇင်ဘာ ၁၁
ကြံရာသီရောက်ရှိလာပြီဖြစ်သဖြင့် ပေါက်ခေါင်းမြို့နယ် အင်ငါးခွသကြားစက်ရုံမှ ကြံတစ်တန်စက်ရုံအရောက် ကျပ် ၁၂၀၀၀၀ ထိ ဈေးပေးဝယ်ယူသည်ဟု ကြံစိုက်တောင်သူများထံမှ သိရသည်။
ယခုနှစ်ကြံရာသီအစပိုင်းမှာပင် ကြံတစ်တန် ကျပ် ၁၂၀၀၀၀ ထိ ဈေးရရှိသဖြင့် သွင်းအားစုစရိတ်၊ မြေဩဇာနှင့် အထွေထွေဈေးနှုန်းများ မြင့်မားနေချိန် ကြံတစ်တန်ဈေးနှုန်းက သင့်တင့်မျှတသည်ဟု ကြံစိုက်တောင်သူများက ဆိုသည်။ ပြီးခဲ့သည့် ရာသီက ကြံတစ်တန်ကို ကျပ် ၉၀၀၀၀ ထိသာ အမြင့်ဆုံးဈေးရရှိခဲ့ကြောင်း သိရသည်။ ယခုအခါတွင်မူ ပေါက်ခေါင်းမြို့နယ်၌ ယခုနှစ်ကြံစိုက်ပျိုးရာတွင် ချက်ကြံရင့် (၂၀၄၉၉)ဧက၊ အခင်းသစ် (၁၆၁၄၅)ဧကနှင့် လမိုင်းခင်း(၄၃၅၄)ဧက စုစုပေါင်း ၄၀၉၉၈ ဧက စိုက်ပျိုးထားရှိသည်။ ကြံတစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် သင့်တော်သော အချိန်နှင့် ရာသီမီ စိုက်ပျိုးနိုင်ရေးနှင့် ကြံမျိုးကောင်း အထွက်ကောင်းမျိုး အသုံးပြုရေးအတွက် လမိုင်းခင်းများကိုလည်း သေချာစနစ်တကျ ပြုပြင်ထားရှိခြင်းနှင့် ကြံမျိုးကောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ကြံအထွက်နှုန်း တိုးတက်ရေးအတွက် စံပြစိုက်ခင်းများ၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျသုံးစွဲရန်နှင့် အပင်ကြီးထွားချိန် ပိုးမွှားကျရောက်လာပါက ကာကွယ်နှိမ်နင်းခြင်းနှင့် နည်းပညာပေး ကူညီပံ့ပိုးပေးခြင်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)