ပဲခူး ဒီဇင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၇/၂၀၂၃) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း ပြည်စုံကောင်းမွန်စေရန်လိုအပ်ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ရရှိနိုင်သည့်ရေအရင်းအမြစ်အပေါ်မူတည်၍ သီးနှံစိုက်စွမ်းအား တိုးတက်ရေးဆောင်ရွက်ပေးနေသလို တောင်သူများကိုလည်း စိုက်ပျိုးရေးကို အလေ့အလွင့်မရှိ အကျိုးရှိရှိသုံးစွဲနိုင်ရေး အသိပညာပေးခြင်း ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ အချို့မြို့နယ်များတွင် ဒေသစပါးမျိုးများစိုက်ပျိုးလျက်ကာ အထွက်နှုန်းများကျဆင်းလျက်ရှိသဖြင့် အထွက်နှုန်းကောင်းပြီး တန်ဖိုးမြင့်သည့် ရွှေနံ့သာပေါ်ဆန်းစပါးမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ဆောင်းသီးနှံသည် ဒေသတွင်းဆီဖူလုံအတွက် အဓိကအထောက်အကူပြုသလို နိုင်ငံခြားဝင်ငွေရှာဖွေပေးသည့် သီးနှံစိုက်ရာသီဖြစ်၍ သတ်မှတ်ဧကပြည့်မီစေရေးနှင့် မြေလပ်မရှိ စိုက်ပျိုးနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ လာမည့်နွေစပါးစိုက်ရာသီအတွက် သက်တမ်းတိုပြီး အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ကြိုတင်စုဆောင်းထားရန်နှင့် စိုက်ပျိုးရေရရှိရေးအား နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီးဖြစ်သလို စိုက်ပျိုးချိန်အမီ တန်ဖိုးနည်းလက်ဆွဲ ကောက်စိုက်စက်များ ဖြန့်ဖြူးပေးသွားမှာဖြစ်ကြောင်း၊ ယခုနှစ် မိုးစပါစိုက်ရာသီတွင် ပန်းတိုင်အထွက်နှုန်းအောက် ကျဆင်းခဲ့သည့်ဒေသများရှိ လယ်မြေများတွင် စိုက်နည်းစနစ်၊ မျိုး၊ မြေအမျိုးအစားစသည်တို့ကို စာရင်းကောက်ယူ၍ နောက်နှစ်မိုးစပါးရာသီတွင် လိုအပ်ချက်များအချိန်မီပြင်ဆင်နိုင်ရေး အသိပညာပေးသွားရမှာဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး အလေးထားဆောင်ရွက်ရန်နှင့် လိုအပ်ချက်များအား ပွင့်ပွင့်လင်းလင်း တင်ပြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများက မြို့နယ်အလိုက် အဓိကသီးနှံ(၁၀)မျိုး စိုက်ပျိုးထားရှိမှုနှင့် သတ်မှတ်သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စိုက်ပျိုးရေးဆိုင်ရာ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် အကြံပြုတင်ပြခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ခရိုင်/မြို့နယ်များ၏ စိုက်ပျိုးသီးနှံအလိုက် အထွက်နှုန်းများနှင့်ပတ်သက်၍ သုံးသပ်ချက်များဖြင့် ပြန်လည်ရှင်းလင်းတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး သီးနှံအလိုက်ပန်းတိုင်အထွက်နှုန်းရရှိရေး အသေးစိတ်လမ်းညွှန်မှာကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်တွင် သီးထပ်စွမ်းအား(၆၈.၀၆)ရာခိုင်နှုန်း၊ သီးနှံစိုက် စွမ်းအား(၁၇၁.၅၆)ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင် သီးထပ်စွမ်းအား(၈၅.၇၈)ရာခိုင်နှုန်းနှင့် သီးနှံစိုက်စွမ်းအား(၁၈၈.၁၄)ရာခိုင်နှုန်းအထိ တိုးတက်ရရှိနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)