ချောင်းသာ ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကံကြီးကျေးရွာအုပ်စုရှိ အ.မ.က(ဥတို)တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.မ.က(ဥတို) ကျောင်းအုပ်ဆရာကြီး ဦးမျိုးမြင့်ဦးက အဖွင့်မိတ်ဆက်စကား ပြောကြားပြီး ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းကျော်ကျော်က လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးစေရန်အတွက် လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ လူကုန်ကူးခံရနိုင်သည့် အခြေအနေများ၊ သိသင့်သိထိုက်သည့် အချက်များ၊ လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးသူများ အသုံးပြုသောနည်းလမ်းများနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ယင်းနောက် လူကုန်ကူးမှုနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာနှင့် ပတ်သက်သည့် အသိပညာပေး ပိုစတာ၊ ဓာတ်ပုံနှင့် အချက်အလက်များပါဝင်သည့် နံရံကပ်စာစောင်များ ပြသထား ရှိမှုတို့ကို ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြပြီး သိရှိလိုသည့် ဆွေးနွေးမေးမြန်းမှုများကို ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)