ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ဒေးဒရဲ ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့နံနက် (၁၁)နာရီက ဒေါင့်ကြီးကျေးရွာအုပ်စု၊ အဝပြန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာရေးလုပ်ငန်းများနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ​ပြည်သူများ ပါဝင်မှုဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် ဟောပြောခဲ့ပြီး အဖွဲ့ဝင်() ဗိုလ်မှူးမွန်မြတ်သူစိုးက မြို့ပေါ်၊ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ အေးချမ်းသာယာရေး လုပ်ငန်းများ ဆောင်ရွက်​ပေးနေမှုများနှင့် အတွင်းရေးမှူး ရဲမှူးသက်နိုင်ဦးက ပြည်သူများအား လုံခြုံ​​ရေးဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ရာ ကျေးရွာများ  ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပေးနိုင်ရေး၊ ကျေးလက်ဒေသရှိ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေနှင့် လျှပ်စစ်မီးများ ရရှိရေး၊  နွေစပါး စိုက်ပျိုးဧကများ အထွက်နှုန်း တိုးတက်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊  ကျန်းမားရေးကဏ္ဍလုပ်ငန်းများနှင့်  လယ်ယာမြေ ဥပဒေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ၏ တင်ပြလာမှုများ အခက်အခဲများကို သက်ဆိုင်ရာ ဌာနအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း