ရွှေတောင်မြို့နယ် အ.မ.က ကြာနီကန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရွှေတောင် ဒီဇင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.မ.က ကြာနီကန်ကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ ကြာနီကန်အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာခြည်ဝင်း က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား လူငယ်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ဆင့်က စားသုံးသူနှင့်ပတ်သက်သော စားသုံးသူ၏ အဓိပ္ပာယ်၊ တာဝန်နှင့် ကုန်အညွှန်းအမှတ်အသား (၈)ချက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူးဒေါ်သပြေက အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းအကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုက ကလေးများ၏ သဘောသဘာဝနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က "ဝက်ဝံလေးရဲ့ဝါသနာ" ပုံပြင်ကိုကျောင်းသား၊ ကျောင်းသူလေးများအား ပြော​ပြပေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကိုဖတ်ရှုခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ ဆက်)