လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်ပွဲကျင်းပ

သထုံ ဒီဇင်ဘာ ၁၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးသိပ္ပံ (သထုံ) တို့ပူးပေါင်း၍ ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၈၈) စက်မှုလယ်ယာစခန်း၊ လယ်ယာသုံးစက်ကိရိယာအရောင်းပြခန်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးဇော်မြင့်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးရဲမြင့်က သင်တန်းဖွင့်လှစ်ပေးရသည့်ရည်ရွက်ချက်နှင့် သင်တန်း၏အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမင်းတင်နွယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က သင်တန်းသားများထံ သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် ဒေသတွင်း လယ်ယာလုပ်ငန်းခွင်များ၌ အသုံးပြုမှုများသည့် တစ်လုံးထိုးလက်တွန်းထွန်စက်၊ ထွန်စက်ကြီး၊ ရိတ်ခြွေစက်နှင့် ကောက်စိုက်စက်များအား စနစ်တကျ မောင်းနှင်ခြင်းပြုပြင်ထိန်းသိမ်းခြင်းများကို စိုက်ပျိုးရေးသိပ္ပံ(သထုံ)ကျောင်းမှ ကျောင်းသားကျောင်းသူ (၃၄)ဦးတို့အား စက်မှုလယ်ယာဦးစီးဌာနမှ ကျွမ်းကျင်နည်းပြများက ဒီဇင်ဘာလ(၁၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ စာတွေ့လက်‌တွေ့ (၁၂) ရက်ကြာ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)