လက်ပံတန်းမြို့၌ အသက်မွေး၀မ်းကြောင်းအထောက်အကူပြုသင်တန်း ဖွင့်လှစ်

လက်ပံတန်း ဒီဇင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ခေါင်းလျှော်ရည်၊ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကွမ်းခြံကျေးရွာအုပ်စု၊ ကျေးနီ‌ကျေးရွာ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် သာယာဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းလွင်က အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းနှင့် ပတ်သက်သည်များအား ဆွေးနွေးပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးသက်စိုးက ခေါင်းလျှော်ရည်၊ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းနှင့်ပတ်သတ်၍ ဆွေးနွေးပြောကြားရာတွင် တစ်နိုင်တစ်ပိုင် မိသားစုစီးပွားရေးလုပ်ကိုင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်တာဖြစ်သောကြောင့် သင်တန်းကာလတလျှောက် စိတ်ဝင်စားစွာ လေ့လာသင်ယူကြစေလိုကြောင်း လက်တွေ့နယ်ပယ်တွင် အသုံးတည့်၍ စီးပွားဖြစ်လုပ်ကိုင်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းပို့ချရာတွင် သင်တန်းနည်းပြအဖြစ် ဒေါ်အိခိုင်စိုးမှ ပို့ချဆောင်ရွက်ပြီး တက်ရောက်သည့် သင်တန်းသူများမှာ ကွမ်းခြံကျေးရွာအုပ်စုမှ သင်တန်းသူ (၂၅)ဦး တက်ရောက်ကြကြောင်း သိရသည်။

သင်တန်းကာလမှာ ဒီဇင်ဘာလ (၁၁) ရက်နေ့မှ (၁၆) ရက်နေ့အထိ (၅)ရက်တာ ပို့ချမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် ရေချိုးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာဆီ၊ ပန်းကန်ဆေးဆပ်ပြာဆီ၊ သဘာဝခေါင်းလျှော်ရည်၊ ကိုယ်တိုက်ဆပ်ပြာခဲ စသည်တို့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)