မြန်အောင် ဒီဇင်ဘာ ၁၁
၂၀၂၂ ခုနှစ် အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ် စာမေးပွဲ၌ ဖြေဆိုအောင်မြင်ကြသော သီလရှင် ဆရာကြီး၊ ဆရာလေးများနှင့် လူပုဂ္ဂိုလ်တို့အား အောင်လက်မှတ် ပေးအပ်ချီးမြှင့်သည့် ဆုနှင်းသဘင်ပွဲကို ယမန်နေ့ညနေ ၄ နာရီက မြန်အောင်မြို့ အမှတ်(၃)ရပ်ကွက် မုံရွာပရိယတ္တိစာသင်တိုက် သာသနာ့ ဗိမာန်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်၍ မြန်အောင်မြို့ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ နာယက ကြာနီကန်ကျောင်းတိုက် ဒေါက်တာ ဘဒ္ဒန္တဣသဘ နိုင်ငံတော်၊ ဗဟိုသံဃာ့ဝန်ဆောင် တိပိဋကဒီဃဘာဏက၊ ဒီဃနိကာယ ကောဝိဒ MA (သီရိလင်္ကာ) Ph,D(India) ဆရာတော်မှ အဖွင့်သြဝါဒကထာ မိန့်ကြားသည်။ ထို့နောက်အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ပင့်သံဃာ ဆရာတော်အရှင်သူမြတ်တို့အား နဝကမ္မ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
၂၀၂၂ ခုနှစ် အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ် စာမေးပွဲ၌ဖြေဆိုအောင် မြင်ကြသောအဘိဓမ္မာ ပထမအဆင့် အောင်မြင်သူ(၂၆)ဦး၊ အဘိဓမ္မာ ဒုတိယအဆင့် အောင်မြင်သူ (၁၀)ဦး သီလရှင်ဆရာကြီး၊ ဆရာလေးများနှင့် လူပုဂ္ဂိုလ်တို့အား အောင်လက်မှတ်များကို ဆရာတော် အရှင်သူမြတ်တို့က ပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ မြန်အောင်မြို့ အဘိဓမ္မာအသင်း ဥက္ကဋ္ဌ ဦးအောင်သိန်းက အသင်းဝင်များ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲနှစ်အလိုက် ဖြေဆိုမှုနှင့် သင်ကြားပေးမှုများကို ရှင်းလင်းလျှောက်ထားခဲ့ပြီး ပင့်သံဃာ ဆရာတော်အရှင်သူမြတ်တို့မှ မြန်အောင်မြို့အဘိဓမ္မာအသင်းအတွက် အလှူငွေများ ပေးအပ်ချီးမြှင့်ရာ လက်ခံရယူခဲ့သည်။
မြန်အောင်မြို့ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ နာယကဆရာတော် ဘဒ္ဒန္တသုမင်္ဂလ (ကံလှကျောင်းတိုက်) ဆရာတော်မှ နိဂုံးချုပ်သြဝါဒကထာမိန့်ကြား၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအောင်မြင်စွာ ကျင်းပခဲ့သည်။
ဝင်းဗိုလ်(ပြန်/ဆက်)