ကျိုက်မရောမြို့၌ တိုင်ထောင်ပဲထောင့်ရှည်သီး တစ်နိုင်တစ်ပိုင်  စိုက်ပျိုးသူများ အထွက်နှုန်းကောင်း၍ မိသားစုဝင်ငွေတိုး

ကျိုက်မရော  ဒီဇင်ဘာ   ၁၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် နတ်စမ်းကျေးရွာတွင် ဆောင်းသီးနှံ ပဲထောင့်ရှည်သီးများအား တစ်နိုင်တစ်ပိုင်  စိုက်ပျိူးလျက်ရှိရာ အသီးများ အထွက်နှုန်းကောင်းပြီး စျေးကောင်းလည်းရရှိသဖြင့် မိသားစုအပိုဝင်ငွေ တိုးလျက်ရှိကြောင်း သိရသည်။ ဆောင်းသီးနှံပဲထောင့်ရှည်များသည် ရာသီဥတုကောင်းမွန်၍ ယခုနှစ်မှာ ပိုမိုထွက်ရှိကြောင်း  ယခုချိန်တွင် ပဲသီးစျေးလည်း စျေးကွက်ရှိသဖြင့် စိုက်ပျိုးသူများ ပိုမို အဆင်ပြေလျက်ရှိကြကြောင်း သိရသည်။

အဆိုပါ တိုင်ထောင်ပဲထောင့်ရှည်ပင်များကိုအစေ့လိုက် ချပြီး အတန်းလိုက် တစ်ထွာစီခြားကာ စိုက်ပျိုးကြပြီး၊ ရက်နှစ်ဆယ်ခန့် ကြာသောအခါ အညွန့်များ လှိုင်လှိုင်ထွက်လာ၍ တိုင်များ စတင်ထောင်ပေးရကြောင်း ပဲသီးအတောင့်ထွားစေရန် နွားချေးနှင့် ပုလဲဝဲ ထည့်ပေးရပြီး မြောင်းဘောင်များဖော်ပေးရပီး

လေးဆယ့်ငါးရက်အကြာတွင် အသီးများကို စတင်ခူးကာ စျေးကွက်အတွင်း ရောင်းချရပြီး ပဲသီးတစ်ပိသာကို ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ဖောက်သည်ပေးရကြောင်း တစ်ကြိမ်ခူးလျှင်  ဆယ်ပိသာကျော်ထိရရှိပြီး တစ်ရက်ခြား ခူးပေးရကြောင်း သိရသသည်။ ထို့ပြင် တစ်ရက်ခြား ဝင်ငွေ ငါးသောင်းကျပ်မှ ခြောက်သောင်းကျပ်အထိ ရသဖြင့် မိသားစုများ အပိုဝင်ငွေရ​ကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်းကို နတ်စမ်းကျေးရွာကွင်းတွင် တိုင်ထောင်ပဲသီး တစ်နိုင်တစ်ပိုင်  စိုက်ပျိုးသူ ဦးငယ်လေး၏ ပြောပြချက်အရ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)