ကြံခင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ကြံခင်း ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်ဆုံးရှုံးမှု လျော့နည်းစေရန်ရည်ရွယ်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက ကြံခင်းမြို့ ရွာသစ်ရပ်ကွက်၊ သိပ္ပံလမ်းရှိ ရွှေယင်းမာဆီစက်ရှေ့တွင် ပြုလုပ်ခဲ့သည်။

ထိုသို့ အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် ‌စိန်ဆီစက်၊ ရွှေယင်းမာဆီစက်၊ ဇေယျာဖြိုးဆီစက်တို့ရှိ ဆီစက်လုပ်ငန်းရှင်များနှင့် ဆီစက်လုပ်သားများအား မြိုနယ် မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရမည့် အချက်များ၊  မီးသတ်ဆေးဘူး အသုံးပြု မီးငြှိမ်းသတ်ခြင်းများကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ထိုနောက် မီးဘေးလုံခြုံရေး ဇာတ်တိုက်သရုပ်ပြရာ ဆီစက်လုပ်သားများအားဆီမီး (DCP) မီးသတ်ဆေးဘူးဖြင့် မီးလောင်ခြင်းအန္တရာယ် ကြုံတွေ့ပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် ပြသပေးခြင်း၊ အဝတ်ရေစိုဖြင့် အရေးပေါ်မီးငြှိမ်းသတ်ပုံများကို သရုပ်ပြလေ့ကျင့်ပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြဇာတ်တိုက် လေ့ကျင့်ပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်း ကျန်ရှိနေသော ဆီစက်များတွင်လည်း ဆက်လက် အသိပညာပေးခြင်း၊ သရုပ်ပြလေ့ကျင့်ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)