ကျွန်းလှမြို့နယ်၌ မိုးစပါး ၂၉၀၀၀ ဧကကျော် ရိတ်သိမ်းပြီးစီး

ကျွန်းလှ ဒီဇင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးသော မိုးစပါးများ ရိတ်သိမ်းလျက်ရှိရာ ယနေ့အထိ ၂၉၀၀၀ ဧကကျော် ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါး ၃၄၀၉၇ ဧက စိုက်ပျိုးခဲ့ပြီး လက်ရှိအချိန်အထိ ၂၉၅၈၁ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ တစ်ဧက ပျှမ်းမျှအထွက်နှုန်း ၇၃ ဒသမ ၅၉ ရာခိုင်နှုန်း ထွက်ရှိကြောင်း၊ ကျန်ရှိသည့် လယ်ဧကများ ဆက်လက်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။

 မိုးစပါးစိုက်တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးခြင်း၊ ပိုးမွှားကျရောက်မှု ကာကွယ်ရေးအသိပညာပေးခြင်း၊ သီးနှံများပျက်ဆီးဆုံးရှုံးမှုမရှိရေး၊ ရိတ်သိမ်းပြီး စပါးများ အမိုးအကာအောက် အချိန်မီရောက်ရှိရေး အသိပေးလျက်ရှိပါတယ်ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများမှာ မိုးကောင်းသောက်ဖြစ်သော်လည်း စပါးအပြင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံ၊ နှစ်ရှည်ပင်နှင့် အခြားသီးနှံများ စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ