သာယာဝတီမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀၀) ဦးအား တူညီဝတ်စုံများပေးအပ်

သာယာဝတီ ဒီဇင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀၀) ဦးအား မီးလောင်ပြင်သုံးနှင့် ရှာဖွေကယ်ဆယ်ရေးသုံး တူညီဝတ်စုံများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးခင်မောင်လတ်မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးဘေး၊ ရေဘေးအပါအဝင် သဘာဝဘေးအမျိုးမျိုးဖြစ်ပွားမှုတို့တွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိသလို ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင်လည်း တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသည့်အတွက် တပ်ဖွဲ့ဝင်အားလုံးကို အသိအမှတ်ပြု လေးစားဂုဏ်ယူပါကြောင်း၊ ဆက်လက်၍လည်း သဘာဝဘေးကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးစေလိုကြောင်း အမှာစကားပြောကြားပြီး တူညီဝတ်စုံများပေးအပ်ရခြင်း ရည်ရွယ်ချက်များနှင့် လိုအပ်သည်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက မီးလောင်ပြင်သုံးနှင့် ရှာဖွေကယ်ဆယ်ရေးသုံး တူညီဝတ်စုံများကို ပေးအပ်ရာ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)