မော်လမြိုင် ဒီဇင်ဘာ ၁၀
မွန်ပြည်နယ်အတွင်းလယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းနဲ့ ရေလုပ်ငန်းတွေ အပါအဝင် အခြားလုပ်ငန်းကဏ္ဍများတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် မွန်ပြည်နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အသေးစားနှင့်အလတ်စား စက်သုံးဆီဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ၊ စက်သုံးဆီ တင်သွင်း၊ ဖြန့်ဖြူးရောင်းချရေးအသင်းများ ဖိတ်ကြားထားသူများ တက်ရောက်သည်။
အစည်းအဝေးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း ဆီဆိုင်များအနေဖြင့် ဆီစျေးနှုန်းအတက်အကျပေါ် မူတည်၍ ရောင်းချရန်၊ သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချမှုမရှိပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အများပြည်သူအနေနဲ့ စက်သုံးဆီပြတ်လပ်နေပြီဆိုသည့် ကောလာဟလသတင်းတွေအပေါ် မယုံကြည်ကြဖို့နှင့် စက်သုံးဆီအရောင်းဆိုင်တွေမှာ မိမိလိုအပ်သလောက်သာ ဝယ်ယူဖြည့်တင်းကြဖို့ အသိပေးလိုပါကြောင်း၊ စက်သုံးဆီတွေကိုလို အပ်တာထက် ပိုမိုဝယ်ယူပြီး တရားမဝင်သိုလှောင်ထားခြင်း တစ်ဆင့်ပြန်လည်ရောင်းချခြင်း၊ အခေါက်ခေါက် တန်းစီဝယ်ယူတာမျိုး မပြုကြရန် မိမိတို့ လိုအပ်သလောက်ကိုသာ စိတ်အေးချမ်းသာစွာ ဝယ်ယူသုံးစွဲကြစေလိုကြောင်း၊ တရားမဝင်သိုလှောင်ထားရှိပြီး တစ်ဆင့်ပြန်လည်ရောင်းချခြင်းသည် ဥပဒေနဲ့မညီသည့်အပြင် မီးဘေးအန္တရာယ်အတွက်လည်း အင်မတန်စိုးရိမ်စရာဖြစ်တဲ့အတွက် မိမိအကျိုးစီးပွားကြောင့် အများပြည်သူ ထိခိုက်နစ်နာမှာကို မပြုလုပ်ကြဖို့ မေတ္တာရပ်ခံလိုပါကြောင်း၊ မွန်ပြည်နယ်အတွင်းစက်သုံးဆီ ပြတ်လပ်မှုမရှိစေရေးနှင့် ဆီတင်သွင်းခွင့်ရရှိသည့် လုပ်ငန်းရှင်များအနေဖြင့် အမြန်ဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်များရှိပါကတင်ပြကြရန်၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ် စစ်ဆေးရေးအရာရှိ (မွန်ပြည်နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီ အတွင်းရေးမှူး) ဦးသန်းထွေးက မွန်ပြည်နယ်အတွင်း တရားဝင် ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်တို့တွင် စက်သုံးဆီဆိုင်များ၏ နေ့အလိုက် ဆီခွဲတမ်းရရှိမှု၊ ရောင်းချနေမှုများ၊ ဆီကန်များ၌ ဆီသိုလှောင်ထားရှိမှု၊ မြေပြင်၌ စက်သုံးဆီလက်ကျန်ထားရှိမှု အခြေအနေများ၊ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မွန်ပြည်နယ် အသေးစားနှင့် အလတ်စား စက်သုံးဆီဆိုင်ရာ လုပ်ငန်းများ ကော်မတီနှင့် စက်သုံးဆီ တင်သွင်း၊ ဖြန့်ဖြူးရောင်းချရေးအသင်းတို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး မွန်ပြည်နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီဝင်များနှင့် ပြည်နယ်ဝန်ကြီးများက အကြုံပြုဆွေးနွေး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာအစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)