ရွှေတောင် ဒီဇင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.က(ခွဲ) သရက်တောကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း (၁/၂၀၂၃)သင်တန်း ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ရွှေတောင်မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးစိုးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားပြီး အ.ထ.က(ခွဲ) သရက်တော ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်စောမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ရွှေတောင်မြို့နယ် ကြက်ခြေနီမြို့နယ်တပ်ဖွဲ့မှူး ဦးအောင်ကျော်ကျော်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ ကျောင်းသား၊ကျောင်းသူ (၅၀) ဦး တက်ရောက်ခဲ့ပြီး ကြက်ခြေနီသင်တန်းဆရာများက လူနာဆန်းစစ်ခြင်းနှင့် အရေးပေါ်အသက်ကယ်ခြင်း၊ ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ အခြေခံသဘောတရား(သိကောင်းစရာ)၊ အခြေခံသဘောတရား(၇)ချက်၊ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ ကိုင်တွယ်ခြင်းနှင့်သယ်ဆောင်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများကိုက်ခြင်း၊ အရိုးကျိုးကုသနည်းများအား စာတွေ့လက်တွေ့ (၃) ရက်တာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမင်း